လက်တစ်ဖက်မရှိပေမယ့် ဘဝကို အရှုံးမပေးခဲ့သူ — ONE Championship ရဲ့ အထူးခြားဆုံး ဖိုက်တာ Jake Peacock

Published 2d ago
Article
လက်တစ်ဖက်မရှိပေမယ့် ဘဝကို အရှုံးမပေးခဲ့သူ — ONE Championship ရဲ့ အထူးခြားဆုံး ဖိုက်တာ Jake Peacock

လက်တစ်ဖက်မရှိပေမယ့် ဘဝကို အရှုံးမပေးခဲ့သူ — ONE Championship ရဲ့ အထူးခြားဆုံး ဖိုက်တာ Jake Peacock

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျင်းပခဲ့တဲ့ ONE 171 ပြိုင်ပွဲမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာ ဖိုက်တာ အောင်လအန်ဆန် ပါဝင်ယှဉ်ပြိုင်ခဲ့တာကြောင့် မြန်မာပရိသတ်တော်တော်များများက ဒီပြိုင်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီပြိုင်ပွဲအတွင်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရရှိခဲ့တဲ့ အထူးခြားဆုံး ဖိုက်တာတစ်ယောက်လည်း ရှိခဲ့ပါတယ်။

အဲဒီသူကတော့ တစ်ချိန်က Chelsea နဲ့ Newcastle United အသင်းတို့မှာ ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့ဖူးတဲ့ Gavin Peacock ရဲ့သားဖြစ်သူ Jake Peacock ပဲ ဖြစ်ပါတယ်။

Jake Peacock ဟာ မွေးရာပါ လက်တစ်ဖက်ရဲ့ လက်ဖျံပိုင်း မပြည့်စုံခဲ့ပေမယ့် သူ့ဘဝကို အရှုံးမပေးခဲ့ပါဘူး။ ကိုယ့်မှာရှိနေတဲ့ အားနည်းချက်ကို အားသာချက်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး၊ အခုဆိုရင် ONE Championship ရဲ့ ကမ္ဘာ့အဆင့် စင်မြင့်ပေါ်အထိ ရောက်ရှိလာနိုင်ခဲ့တဲ့ အံ့အားသင့်စရာ ဖိုက်တာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ပြိုင်ပွဲတိုင်းမှာ ပြိုင်ဘက်တွေ သတိထားရတဲ့ အန္တရာယ်ရှိတဲ့ ဖိုက်တာတစ်ယောက်အဖြစ် သူ့ကိုယ်သူ တည်ဆောက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

မွေးရာပါ အားနည်းချက်ကို ကျော်ဖြတ်ခဲ့သူ

မွေးရာပါ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မပြည့်စုံမှုတစ်ခုရှိနေတဲ့ အခြေအနေကနေ ပရော်ဖက်ရှင်နယ် Muay Thai ဖိုက်တာ တစ်ယောက်ဖြစ်လာဖို့ဆိုတာ ဘယ်လောက်ခက်ခဲမလဲဆိုတာ လူတိုင်း တွေးကြည့်နိုင်ပါတယ်။

အထူးသဖြင့် Muay Thai ဟာ လက်သီး၊ ခြေကန်ချက်တွေသာမက တံတောင်၊ ဒူး တွေကိုပါ အားပြုအသုံးပြုရတဲ့ ကိုယ်ခံပညာတစ်ခု ဖြစ်ပါတယ်။

Jake Peacock အတွက် သူ့ရဲ့ ကိုယ်ခန္ဓာအခြေအနေဟာ အားနည်းချက်တစ်ခုဖြစ်နိုင်ပေမယ့်၊ တစ်ဖက်ကနေကြည့်မယ်ဆိုရင် သူ့ရဲ့ ထူးခြားတဲ့ တိုက်ခိုက်မှုပုံစံကို ဖန်တီးပေးနိုင်တဲ့ အားသာချက်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် သူ့အတွက် အခက်ခဲဆုံးအရာတစ်ခုကတော့ ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ရာမှာ အခြားဖိုက်တာတွေနဲ့ မတူတဲ့ ဟာကွက်တွေ ရှိနေနိုင်တာပဲ ဖြစ်ပါတယ်။

ဒါတောင်မှ Jake Peacock ဟာ ဒီလိုအခြေအနေတွေကို အကြောင်းပြချက်တစ်ခုအဖြစ် မသုံးခဲ့ပါဘူး။

အဲဒီအစား သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်နဲ့ အရည်အချင်းတွေကို အသုံးပြုပြီး ONE Championship မှာ အနိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။

သူ့ရဲ့ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ အရည်အချင်းကိုလည်း ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ မြင်တွေ့နိုင်အောင် သက်သေပြခဲ့ပါတယ်။

ဖိုက်တာတစ်ယောက်ရဲ့ စိတ်ဓာတ်

ဖိုက်တာတစ်ယောက်ဖြစ်ဖို့ စိတ်ဓာတ်နဲ့ မွေးရာပါစိတ်ဓာတ်ရှိနေပြီဆိုရင် ဘယ်လိုအခြေအနေမျိုးကမှ ကိုယ့်ကို အလွယ်တကူ တားဆီးနိုင်မှာ မဟုတ်ပါဘူး။

ဒီစကားဟာ Jake Peacock ရဲ့ ဘဝနဲ့ အရမ်းကို ကိုက်ညီပါတယ်။

သူ့ရဲ့ Muay Thai နဲ့ Kickboxing ကစားသမားဘဝ မှတ်တမ်းဟာ 14 ပွဲနိုင်၊ 1 ပွဲရှုံး ဆိုတဲ့ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။

အခြားဖိုက်တာတွေနဲ့ ယှဉ်လိုက်ရင် Jake Peacock မှာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အားနည်းချက်တချို့ ရှိနေနိုင်ပေမယ့်၊ တကယ်တမ်း ပွဲထဲကို ရောက်သွားတဲ့အချိန်မှာတော့ သူဟာ အလွန်အန္တရာယ်ရှိတဲ့ တိုက်စစ်ဖိုက်တာတစ်ယောက် ဖြစ်ပါတယ်။

ဘယ်အဖြောင့်လက်သီးတွေ၊ ဘယ်ဝိုက်လက်သီးတွေ၊ အမြင့်ကန်ချက်တွေနဲ့ ပြိုင်ဘက်ကို အဆက်မပြတ် ဖိအားပေးတိုက်စစ်ဆင်နိုင်တဲ့ သူ့ရဲ့ Fighting Style ဟာ ပရိသတ်တွေအတွက် ကြည့်ရတာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

အားနည်းတယ်လို့ ဘယ်တော့မှ မတွေးခဲ့သူ

Jake Peacock ရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားစရာကောင်းပါတယ်။

သူဟာ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို အခြားဖိုက်တာတွေထက် အားနည်းတဲ့သူတစ်ယောက်လို့ တွေးခဲ့ပုံမရပါဘူး။

သူ့မှာရှိနေတဲ့ အခြေအနေကို အကြောင်းပြချက်တစ်ခုအဖြစ် မသုံးဘဲ၊ ပိုကောင်းတဲ့ ဖိုက်တာတစ်ယောက်ဖြစ်လာဖို့သာ အမြဲတမ်း ကြိုးစားခဲ့ပါတယ်။

Jake Peacock ရဲ့ နိုင်လိုစိတ်၊ မလျှော့တဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှု က ဘယ်လောက်ပြင်းထန်လဲဆိုတာကိုတော့ သူဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကို အကောင်းဆုံး သက်သေပြနိုင်ခဲ့ပြီးပါပြီ။

လက်တစ်ဖက် မပြည့်စုံခဲ့ပေမယ့် သူ့ရဲ့ အိပ်မက်တွေကိုတော့ ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး။

ကိုယ့်မှာရှိတဲ့ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ Jake Peacock ဟာ ONE Championship ရဲ့ အထူးခြားဆုံး ဖိုက်တာတွေထဲက တစ်ယောက်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

နောက်လာမယ့် ပြိုင်ပွဲတွေမှာလည်း ဒီလိုကောင်းမွန်တဲ့ ပုံစံတွေနဲ့ ဆက်လက်အနိုင်ရရှိနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Jake Peacock ရဲ့ အနာဂတ်ခရီးလမ်းကိုတော့ ပရိသတ်တွေအားလုံး ဆက်လက်စောင့်ကြည့်သွားရမှာပါ။

ဒီဆောင်းပါးကို အဆုံးအထိ ဝင်ရောက်ဖတ်ရှုပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။

Leave a reply

💬 Join our Telegram
📢 Hello!! You can ask directly to the admin for more information...